ပျင်းတဲ့အကြောင်း


ဒီမနက် ပျင်းပျင်းနဲ့ ဘလော့လေးတခုလောက်တော့ ရေးမယ်ဆိုပြီး စဉ်းစားမိတယ်။

တကယ်ရေးတဲ့ဘက်ကိုမရောက်ခင် အရင်ဆုံး ကိုယ့် site ကို တချက်လောက်သွားကြည့်ဖြစ်မိမှ ဒီနေရာလေးက ဒါလေးထည့်လိုက်ရင်ကောင်းမယ်၊ ဟိုနေရာလေးကိုတော့ ဒါလေးထည့်လိုက်မယ်နဲ့ဆိုပြီး ကုဒ်ဘက်ရောက်သွားရော။ ပြီးရင်လည်း ရေးလိုက်ဖျက်လိုက်နဲ့ အရောင်လေးတခုပဲချိန်းဖြစ်လိုက်တယ်။ ဘာမှတောင်မသိသာတဲ့ပါဘူး။

ဓာတ်ပုံထည့်ရဖို့ကတော့ သေချာပေါက်လုပ်ရမယ်။ အခုလည်း ထည့်လို့တော့ရပါတယ်။ ဒါပေမယ့် ပိုစ့်တွေက markdown ဖိုင်ကနေ ယူထားတာဆိုတော့ style ကြိုက်သလိုပြင်လို့မရ၊ သုံးထားတဲ့ framework ကိုယ်တိုင်ကိုက ခုနောက်ပိုင်းထွက်တွေလိုမျိုး image dimensions တွေကအစ လိုက်ကိုင်ပေးနေတော့ သူ့ API တွေပြန်ကြည့်ရမလိုဖြစ်နေပြီ။ ပြန်ကြည့်တယ်လို့သာပြောတာပါ၊ အရင်ဗားရှင်းကတည်းက မထိဖြစ်တာ အခုဆို major version တခုနှစ်ခုလောက်တောင် ကျော်နေပြီဆိုတော့ အစအဆုံးနီးပါးပြန်ကြည့်မှရမှာပါပဲ။ ဒီလိုနဲ့ အစအဆုံးပြန်ကြည့်တာကလည်း ပြီးမှာမဟုတ်တော့ ဒီဘက်ပြန်မရောက်၊ ပြန်မပြင်ဖြစ်။ နောက်ပြန်ကြည့်မှ ပြန်ပြင်ချင်စိတ်ပေါက်၊ ပြီး အစကပြန်ကြည့်။ ဒီလိုနဲ့ ဂျာအေးသူ့အမေရိုက်နေတာ ဒီ site အစကတည်းကပါပဲ။

“ပါဖက်ရှင်းနစ်” အိုစီဒီ ရှိတာ တော်တော်ဆိုးတယ်။ အဓိကကတော့ တခါတလေ ဖြစ်သလိုလုပ်လိုက်မှရမယ်။ “ဖြစ်သလို” ဆိုတာ မရောင်တာတွေလိုက်ပြီး ဆီမလူး ဖို့လို့ပဲပြောမလား၊ တနေရာရာမှာတော့ draw the line လုပ်တာမျိုး။ ဘယ်နေရာမှဆွဲရမယ်ဆိုတာကတော့ မပြောတတ်ဘူး။

အဲ့ တဝက်တပျက် အကျင့်က ဖြတ်မှ။ မဟုတ်ရင် ဘာမှပြီးအောင်မလုပ်ဖြစ်၊ ဟိုစပ်စပ်ဒီစပ်စပ်နဲ့။ ပြီးရင် ဘာမှ ဟုတ်တိပတ်တိဖြစ်တာမရှိ၊ အချိန်ကုန်တာပဲအဖက်တင်။

ပြောလို့သာပြောတာပါ။ အခုရေးရင်းနဲ့တောင် စာပိုဒ်တခုနဲ့တခုခြား နည်းနည်းပိုခြားလိုက်ရင်ကောင်းမယ်တို့၊ domain လေးတခုလောက်ဝယ်လိုက်ရင် ကောင်းမလားတို့၊ အရင်က စာရေးဖို့အကြောင်းပြောထားတဲ့ blog တချို့1 2ပြန်ဖတ်မလားလို့။​ လုပ်ချင်တာတွေများနေတာ။ ပျင်းစရာပဲ။

Footnotes

  1. Why You Should Blog Even if No One Reads it

  2. you-should-write-blogs